Nanda Siri

image_pdfimage_print

သာသနာ့ဂုဏ်ရည်ကျောင်း


ဆရာတော် ဦးနန္ဒသီရိ


ထေရုပ္ပတ္တိအကျဉ်း

ဆရာတော်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊ ညောင်ဉီးမြို့နယ်၊ မြေသန့်တောင်ရွာ၊ ခမည်းတော် ဉီးစိန်အောင်+မယ်တော် ဒေါ်ဝင်းဆွေ တို့မှ ၁၃၂၇ ခုနှစ်၊ ပြာသိုလဆန်း(၁၀)ရက်၊ (၀၁-၀၁-၁၉၆၆) စနေနေ့တွင် ဖွားမြင်ခဲ့ပြီး မွေးချင်းလေးယောက်တွင် ဒုတိယမြောက်သားရတနာ ဖြစ်သည်။ (၁၂)နှစ်သားအရွယ်တွင် မွေးဖွားရာဇာတိဖြစ်သော မြေသန့်တောင်ရွာ ရွာဉီးကျောင်း ဆရာတော် ဘဒ္ဒန္တကဝိန္ဒ အထံတော်တွင် ရှင်သာမဏေအဖြစ်နှင့် အသက်(၂၀)တွင် ရဟန်းအဖြစ် ခံယူလျက် သာသနာ့ဘောင် ဝင်ရောက်ခဲ့ပါသည်။

ဆရာတော်သည်(၁၉၈၇)-(၁၉၉၃)အတွင်း ချောက်မြို့၊ မင်္ဂလာသာစည်စာသင်တိုက်။ ရန်ကုန် မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေကြက်ယက်ကျောင်းတိုက်များတွင် လောကီ လောကုတ္တရာ ပညာရပ်များကို သင်ယူ ဆည်းပူးခဲ့ပြီး- ချောက်မြို့နယ်လုံးဆိုင်ရာ ဝိနယမာမကစာမေးပွဲတွင် တတိယအဆင့်ဖြင့် အောင်မြင် ခဲ့ပါသည်။ (၁၉၉၃)-(၂၀၀၂)အတွင်း ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးပရိယတ္တိ စာသင်တိုက်တွင် စာချနာယကဆရာတော်အဖြစ်ဖြင့် ရှင်ငယ်ရဟန်းငယ်များအား လောကုတ္တရာ စာပေနှင့် ဘာသာရေးအသိပညာရပ်များကို သင်ကြားပေးခဲ့ပါသည်။

ဆရာတော်သည် မိခင်ငယ်ဆရာရင်း ဆရာတော်ကြီးများ၏ ဆုံးမသွန်သင်မှု၊ နည်းပေး လမ်းညွှန် တရားပြသပေးမှုများနှင့် တောမှီ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများထံတွင် ဝိပဿနာ တရားများကို ကိုယ်တိုင်ကိုယ်ကျ ဆရာနည်းကျ အားထုတ်သင်ယူပြီး ရှင် ရဟန်းငယ်များအား စာပေ သင်ကြားခြင်း(ပရိယတ္တိ)ကိုလည်း တတ်မြောက်စေ၊ ဝိပဿနာတရား(ပဋိပတ္တိ)ကိုလည်း နည်းစနစ်ကျ အားထုတ်တတ်စေရန် သင်ကြား ပြသပေးခဲ့ပါသည်။ အခါအားလျော်စွာ ရပ်ဝေးရပ်နီးရှိ ဒကာ+ဒကာမများ၏ ပင့်လျှောက်ချက်အရ တရားဟောခြင်း၊ တရားပြသပေးခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။

ဆရာတော်သည် မိမိတတ်မြောက်ထားသော ကွန်ပျူတာပညာဖြင့်လည်း၊ ရန်ကုန်မြို့၊ မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ်ဆရာတော်ဘုရား၏ ကိုယ်တိုင်ရေးသား ဘာသာရေးစာပေများနှင့် ရှေးဟောင်းစာပေမူများ (အုပ်ရေ-၃၀၀)ကျော်ကို ဓမ္မဒါနပြု ဖြန့်ဝေရာတွင် စာစီ ပုံနှိပ် စီစဉ်ထုတ်‌ဝေ ရေးတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။ အသိမိတ်ဆွေ ရဟန်းတော်များ၏ ရေးသားထုတ်ဝေသော ဘာသာရေးစာပေများကိုလည်း အနီးကပ် ကြီးကြပ်ပေးခြင်းနှင့် စာတည်းဖြတ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

ဆရာတော်သည် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာကလေးငယ်များ ဘာသာ သာသနာ ယဉ်ကျေးမှုများ မပျောက်ပျက်စေရန် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးပရိယတ္တိ စာသင်တိုက်၊ ဆန်းဒေးဓမ္မစကူးလ်နှင့် မဟာဗုဒ္ဓဝင်သင်တန်း နာယကနှင့် သင်တန်းမှူးတာဝန်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မြစ်ကျိုးရွာ၊ ဆန်းဒေးဓမ္မစကူးလ်ကျောင်းတော်၊ နာယကနှင့် သင်တန်းမှူးတာဝန်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာ၊ ဓမ္မစကူးလ်သင်တန်းကျောင်း၊ နာယကတာဝန်များ ဆောင်ရွက်လျက် သာသနာပြုလုပ်ငန်းများ တတ်အားသ၍ ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါ ဆရာတော်သည် သာသာနာ့ဂုဏ်ရည်ကျောင်းဆရာတော် အရှင်တောသန နှင့် ကျောင်းဖြစ်မြောက်ရေး ဒါယကာ+ဒါယိကာမများ၏ ပင့်ဖိတ်လျှောက်ထားချက်ဖြင့် အမေရိကန် နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ စက်ကရာမင်တိုမြို့၊ သာသနာ့ဂုဏ်ရည်ကျောင်းတော်ကြီးတွင် သာသနာပြုလုပ်ငန်းများကို အရှိန်အဟုန်မပျက် တိုးတက်ပြန့်ပွားစေရန်နှင့် ရပ်ဝေးမြေခြားရောက် မြန်မာကလေးငယ်များအား ဘာသာ သာသနာ ရိုးရာယဉ်ကျေးမှုအမွေများ တန်ဖိုးထား လေးစားမြတ်နိုးစေရန် နည်းပေးလမ်းညွှန်ပြသလျက် သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော်၏ သာသနာပြုလုပ်ငန်းများအား အားဖြည့်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆရာတော် ရေးသား ပုံနှိပ်ထုတ်ဝေပြီး စာအုပ်များ


၁။ ကြည့်သောသူ မြင်၏

ဆက်လက် ပုံနှိပ်ထုတ်ဝေမည့်စာအုပ်များ


၁။ ဓမ္မနှင့်ယှဉ် မြင်သောအတွေး ရေးဖြစ်သောစာ

၂။ သစ္စာဓမ္မ လရိပ်မလွန်မီ