image_print

၁။ ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ဖြစ်သနည်း။
၂။ စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ဖြစ်သတည်း။
၃။ ဘယ်အကျိုးငှာ၊ ထိုခန္ဓာ၊ ဘယ်ခါရှုရပါသနည်း။
၄။ မစွဲဘို့ ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာရှုရပါသတည်း။
၅။ ဖြစ်ခိုက်မရူ၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
၆။ မြဲတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ်ထင်တတ်သည်။
၇။ ဖြစ်တိုင်းမှတ်ရှု ၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
၈။ မမြဲဆင်းရဲ၊ သဘောပဲ၊ ဉာဏ်ထဲရှင်းတော့သည်။
၉။ စွဲမှုကင်းပျောက် ၊ မဂ်လမ်းပေါက် ၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်။
၁၀။ ဝိပသနာရှုနည်း ၊ မူသေစည်း ၊ သိမ်းဆည်းထားရမည်။

တရားမရှုမှတ်မီ ပူဇော်ရန်

၁။ အရဟံ-လွန်ကဲထူးမြတ်သော သီလဂုဏ်၊သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူနတ်ဗြပ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ-သိစရာမှန်သမျှ တစမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော-အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏတရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ သုဂတော-ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသော စကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။

၅။ လောကဝိဒူ-သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ-မယဉ်ကျေးငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။

၇။ သတ္ထာဒေဝ မနုဿာနံ-လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ အစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ-သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။

၉။ ဘဂဝါ- ဣဿရိယ ဓမ္မ ယဿ သိရီ ကာမ ပယတ္တမည် ဘုန်းခြောက်လီနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

· တပည့်တော်၏ အသက်နှင့်ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏ အရှင်ဘုရား။

· ကိလေသာခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား သတ္တဝါအားလုံး ကိလေသာခပ် သိမ်း ငြိမ်းကြပါစေ။

· ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား သတ္တဝါအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်း ကြပါစေ။

· ငါ၏ကိုယ်မှာ ဆံပင်၊ မွှေးညှင်း၊ လက်သည်းခြေသည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အပြင်၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံထွေး၊ နှပ်၊ အစေး၊ ကျင်ငယ် ဟူသော ၃၂-ပါးသော တရားအစုမျှသာ ရှိပါ၏တကား။

· ရုပ်နာမ်နှစ်ဖြာ အနိစ္စာ ဘယ်မှာမြဲလို့ခိုင်ပါ့မလဲ။

· ရုပ်နာမ်နှစ်ဖြာ ဒုက္ခပါ ဘယ်မှာအေးလို့ချမ်းသာမလဲ။

· ရုပ်နာမ်နှစ်ဖြာ အနတ္တာ ဘယ်မှာစိုးလို့ ပိုင်ပါ့မလဲ။

· ရုပ်နာမ်နှစ်ဖြာ အသုဘာ ဘယ်မှာမွှေးလို့ ကြိုင်ပါ့မလဲ။

· သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။

· ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

· သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒပြည့်ပါစေ။

· မေတ္တာရေချမ်း၊ သွန်းကာဖျန်း၊ ငြိမ်းချမ်းကြပါစေ။

· သတ္တဝါမှန်သမျှ၊ တရားရ၊ ဧမြသာယာရှိပါစေ။

သာဓု သာဓု သာဓု