Ven Tosana

image_pdfimage_print

သာသနာ့ဂုဏ်ရည်ကျောင်း


ပဓာနနာယကဆရာတော် ဦးတောသန

(University of Roehampton, London)


ထေရုပ္ပတ္တိအကျဉ်း

SayadawTosana ဆရာတော် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်း၊ ချောက်မြို့၊ ခမည်းတော် ဦးဘိုနီ၊ မယ်တော် ဒေါ်အုန်းမေ တို့မှ ၁၃၂၅-ခု၊ တော်သလင်းလဆန်း ၁၂-ရက်၊ (၁၄၊ ဝ၉၊ ၆၃) စနေနေ့တွင် ဖွားမြင်ခဲ့ပြီး ၁၀-နှစ်သားအရွယ်တွင် ချောက်မြို့၊ ဆင်ဖြူကျွန်းကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော် သံဃမဟာနာယက) ထံတွင် ရှင်သာမဏေအဖြစ်၎င်း၊ အသက် ၂၀-အရွယ်တွင် ရဟန်းအဖြစ်၎င်းခံယူလျက် သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့သည်။ဆရာတော်သည် ချောက်မြို့၊ ဆင်ဖြူကျွန်းတိုက်၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမ အရှေ့တိုက်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်နှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ လန်ဒန်မြို့၊ University of Roehampton တို့တွင် လောကီ လောကုတ္တရာပညာရပ်များကို သင်ယူ ဆည်းပူး ခဲ့ပြီး ချောက်မြို့နယ်လုံးဆိုင်ရာ ဝိနယမာမကစာမေးပွဲတွင် အာဒိကမ္မိက ဝိနယ မာမက ပထမကျော်၊ သာသနတက္ကသီလဓမ္မာစရိယ၊ B. A (Buddhism) နှင့် B. A (Hons) ဘွဲ့ တို့ကို ရရှိအောင်မြင်ခဲ့ပါသည်။

ရန်ကုန်မြို့၊ ဗဟန်း မဟာစည်သာသနာရိပ်သာကြီးရှိ နာယကဆရာတော်များထံတွင် ဝိပဿနာတရားများကို ကိုယ်တိုင်ကိုယ်ကျ ဆရာနည်းကျ အားထုတ်ပြီးနောက် ကမ္မဋ္ဌာန်းဆရာသင်တန်းနှင့် မဟာစည် အပြည်ပြည်ဆိုင်ရာ သာသနာ ပြုသင်တန်းကျောင်းတွင် နိုင်ငံခြားသာသနာပြုသင်တန်းများကို တက်ရောက် အောင်မြင် ခဲ့ပါသည်။ဆရာတော်သည် နိုင်ငံတော် သာသနာရေး ဝန်ကြီးဋ္ဌာန၏ တာဝန်ပေးအပ်ချက်အရ မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းရှိ နာဂတောင်တန်းများဆီသို့ တောင်တန်း သာသနာပြု တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာကြီးတွင် သံဃာ့ ဝန်ဆောင် တစ်ပါးအဖြစ်ဖြင့် ပြည်တွင်း ပြည်ပယောဂီတို့အား နာယက ဆရာတော်ကြီး များနှင့် အတူ ဘာသာပြန်လုပ်ငန်းများ၊ ၎င်းယောဂီတို့အား ကြီးကြပ် စောင့်ရှောက် တရားဟော တရားပြသပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

၂၀ဝ၁ ခုနှစ်၊ မေလတွင် အမေရိကနှင့် ကနေဒါနိုင်ငံတို့သို့ ဝိပဿနာ ကမ္မဋ္ဌာန်း တရား စခန်းများဖွင့်လှစ်ရန် မဟာစည် နာယကချုပ် မြစ်သား ဆရာတော်နှင့်အတူ လိုက်ပါခဲ့ရပြီး ကနေဒါနိုင်ငံတွင် သီတင်းသုံးပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

၂၀ဝ၁ ခုနှစ်၊ နိုဝင်ဘာလတွင် The Britain-Burma Buddhist Trust အဖွဲ့၏ပင့်ဖိတ်ချက်၊ မဟာစည် သာသနာ့ရိပ်သာကြီး၏ တာဝန်ပေးချက်ဖြင့် နောက်ဆုံးသီတင်းသုံးခဲ့သော London Vihara, 1 Old Church Lane, Kingsbury, London, NW9 8TG, UK ကျောင်းသို့ ရောက်ရှိသီတင်းသုံးလျက် ပြည်တွင်း ပြည်ပယောဂီတို့အား ဝိပဿနာ ကမ္မဋ္ဌာန်းတရားများ ဟောပြော ပြသပေးခြင်း၊ မြတ်ဗုဒ္ဓ၏ အလွန်သိမ်မွေ့ နက်နဲ ခက်ခဲ လှသော ပဋ္ဌာန်းတရားတော်မြတ်ကြီးကို ခေတ်အမြင် ခေတ်အတွေးများဖြင့် နားလည် သဘောပေါက်အောင် ရှင်းလင်းပေးခြင်း၊ ရပ်ဝေးမြေခြားရောက် မြန်မာကလေးငယ် များအား ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းများပို့ချခြင်းနှင့် အမိမြန်မာပြည်၏ မြန်မာစာ မြန်မာစကားများ မပျောက်ပျက် စေရန် (တနင်္ဂနွေနေ့တိုင်း) သင်ကြားပေးခြင်း၊ မိမိတတ်မြောက်ထားသော ကွန်ပြူတာ ပညာဖြင့် ကျောင်းတိုက်၏ လပတ်ထုတ် ဓမ္မစာစောင်များ၊ ဘုရားရှိခိုးနှင့် ဝတ်ရွတ်စဉ် (အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ) စာအုပ်များ၊ နှစ်စဉ်ထုတ် ပြက္ခဒိန်များကို ကိုယ်တိုင် ဆောင်ရွက် ထုတ်ဝေခဲ့သည်။ထိုကျောင်းတိုက်၌ သီတင်းသုံးနေစဉ် အခါအားလျော်စွာ Local Council မှ ကြီးမှူးကျင်းပသော ဘာသာပေါင်းစုံဆွေးနွေးပွဲများ၊ ဒေသခံ ရဲအရာရှိတို့အား ဗုဒ္ဓဘာသာ ဆိုင်ရာ သင်တန်းများကို တက်ရောက်ဆွေးနွေး သင်ကြားပေးခဲ့သည်။

၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၃ ခုနှစ် မေလအထိ အဘိဓမ္မာသင်တန်းများကို သုံးကြိမ်တိုင်တိုင် သင်တန်းမှူးအဖြစ် ကိုယ်တိုင် သင်ကြားပေးပြီး မြန်မာနိုင်ငံ သာသနာရေး ဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပသော အဘိဓမ္မာစာမေးပွဲများကို ပြည်ပရောက် မြန်မာများ ဝင်ရောက် ဖြေဆိုနိုင်ရန် ပထမဦးဆုံး ပြည်ပ အဘိဓမ္မာ စာဖြေဋ္ဌာန ဖြစ်သော အင်္ဂလန်နိုင်ငံ အဘိဓမ္မာ စာဖြေရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့သဖြင့် ၂၀၁၂ ခုနှစ်တွင် စာဖြေဋ္ဌာနရရှိပြီး ပထမဆင့် သင်တန်းသား ၁၃ ယောက် ဝင်ရောက်ဖြေဆိုခဲ့ရာ ၇ ယောက်အောင်မြင်မှုရရှိခဲ့သည်။

ယခုအခါ ကာလီဖိုးနီးယားပြည်နယ်၏မြို့တော်ဖြစ်သော စက်ကရာမင်တို့မြို့တွင် ပထမ ဦးဆုံးသော “သာသနာ့ဂုဏ်ရည်” မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင် သီတင်းသုံး လျက် အနီး ပတ်ဝန်းကျင်ရှိ မြန်မာ ဗုဒ္ဓဘာသာဝင်မိသားစုများနှင့် ဗုဒ္ဓဘာသာကို လေ့လာ လိုက်စား စိတ်ဝင်စားသူများအား ဗုဒ္ဓတရားတော်များကို ဟောပြော ပြသ သင်ကြား ပေးခြင်းဖြင့် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဆရာတော် ရေးသား ပုံနှိပ်ထုတ်ဝေပြီး စာအုပ်များ


၁။ ဗုဒ္ဓအဘိဓမ္မာ (စိတ်ပိုင်း) ပို့ချချက်

၂။ ဗုဒ္ဓအဘိဓမ္မာ (စေတသိတ်ပိုင်း) ပို့ချချက်

၃။ ဗုဒ္ဓအဘိဓမ္မာ (ပကိဏ်းပိုင်း) ပို့ချချက်

ဆက်လက် ပုံနှိပ်ထုတ်ဝေမည့်စာအုပ်များ


၁။ ဗုဒ္ဓအဘိဓမ္မာ (ဝီထိပိုင်း) ပို့ချချက်

၂။ ဗုဒ္ဓအဘိဓမ္မာ (ဝီထိမုတ်ပိုင်း) ပို့ချချက်

၃။ ဗုဒ္ဓအဘိဓမ္မာ (ရုပ်ပိုင်း) ပို့ချချက်

၄။ မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းဒေသနာတော် ပို့ချချက်

၅။ မြတ်ဗုဒ္ဓ၏ (၃၈) ဖြာ မင်္ဂလာတရားတော် ပို့ချချက်

၆။ မြတ်ဗုဒ္ဓ၏ တရားဦး (ဓမ္မစကြာ) တရားတော် ပို့ချချက်